စကားထစ်ခြင်းသည် ကလေးများတွင် အဖြစ်များသည်။ ငယ်ရွယ်သော ကလေးအများစုသည် ကုသရန် မလိုအပ်ဘဲ အလို အလျောက်ပျောက် ကင်းသွားတတ်သည်။ အသက်ကြီးသည့် ကလေးများနှင့် အရွယ်ရောက်ပြီးသူများတွင် စကားထစ်ခြင်းသည် မပျောက်ဘဲ ရှိနေတတ်သည်။ ကုသမှုတွင် ပါဝင်သည့် အရေးကြီးဆုံးအပိုင်းမှာ စကားထစ်နေသူကို စိတ်မလှုပ်ရှားစေဘဲ မိမိ ကိုယ်ကို ယုံကြည်မှုရှိစေရန် ကူညီပေးခြင်းဖြစ်သည်။
စကားထစ်ခြင်း ဆိုတာဘာလဲ?
----------------------------------
စကားထစ်ခြင်းဆိုသည်မှာ စကားပြောရာတွင် ချို့ယွင်းမှုရှိခြင်း ဖြစ်သည်။ စကားကို အဆင်ပြေချောမွေ့စွာ တစ်ဆက်တည်း မပြောနိုင်ဘဲ ရပ်တန့်သွားခြင်းနှင့် စကားပြတ်သွားခြင်းတို့ ဖြစ်ပေါ်တတ်သည်။ စကားရပ်သွားခြင်းဆိုသည်မှာ အသံများ ၊ သရသံများ နှင့် စကားလုံးများသည် ထပ်တလဲလဲဖြစ်ပေါ်နေခြင်းဖြစ်သည်။ (ဥပမာ- အ-အ-အဖေ) ။ တခါတလေ အသံကို ဆွဲ၍လည်းပြောတတ်သည်။ ဥပမာ -အယ်….မေ (အမေကို ခေါ်သည်။) စကားပြောပြတ်သွားပြီး မည်သည့်အသံမှ ထွက်မလာ တတ်ဘဲလည်းဖြစ်တတ်သည်။ ထို့ကြောင့် မည်သည့်အသံကိုမျှ မကြားရတော့ပေ။ ရလဒ်အားဖြင့် စကားပြောရန် အားထည့် ရခြင်း ၊ အသံမာခြင်း (သို့) အသံတုန်ခြင်းတို့ဖြစ်နိုင်သည်။
စကားထစ်ခြင်းသည် ပြင်းထန်မှုမရှိပါက မည်သည့်ပြဿနာကိုမျှ မဖြစ်စေနိုင်သော်လည်း ပြင်းထန်ပါက စကားပြောဆိုရာတွင် ချို့ယွင်းမှုများ ဖြစ်လာတတ်သည်။ လူတစ်ယောက်တည်းတွင်ပင်လျှင် စကားထစ်ခြင်း အဆင့်အမျိုးမျိုးရှိသည်။ လူတစ်ယောက် သည် တခါတလေ စကားထစ်နေပြီးနောက် ပြန်၍ ချော့မွေ့စွာ ပြောဆိုနိုင်သည်လည်း ရှိသည်။
စကားထစ်နေသူများသည် အချို့သော စကားလုံးများကို ပြောဆိုရန် ရှောင်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကာားလုံး များသည် ၎င်းတို့ကို ဒုက္ခဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ အချို့လူများက စကားထစ်ခြင်းကို ဖုံးကွယ်ရန်အတွက် ၎င်းတို့ကို ဒုက္ခဖြစ်စေမည့် စကားလုံးများကို ရှောင်ခြင်း (သို့) အဆင်ပြေသည့် စကားလုံးများဖြင့် အစားထိုးသုံးစွဲခြင်းတို့ကြောင့် အခြား လူများက သတိမထားမိဘဲ ရှိတတ်သည်။ ထိုသို့ဖြစ်ခြင်းကို ပုံစံပြောင်းခံထားရသော စကားထစ်ခြင်းဟု ခေါ်သည်။ စကားထစ် နေသူသည် ဖြစ်နိုင်သမျှ စကားပြောရန် ရှောင်ကြသည်။

စကားထစ်ခြင်းကို ဖြစ်စေသော အရာများဟာ ဘာလဲ?
----------------------------------
စကားကို ချောမွေ့စွာ ပြောနိုင်စေရန် ကလေး၏ ဦးနှောက်တွင် မတူညီသော အာရုံကြောလမ်းကြောင်းများစွာ ဖွံ့ဖြိုးရန် လိုအပ် သည်။ ထိုလမ်းကြောင်းများသည် အလွန်တိကျ၍ လျင်မြန်သော နည်းလမ်းများဖြင့် တုံ့ပြန်ကြသည်။ စကားထစ်ခြင်းသည် အများအားဖြင့် ကလေးဘ၀တွင် စတင်ဖြစ်ပေါ်တတ်ပြီး ထိုသို့ဖြစ်ခြင်းသည် ကလေး၏ ဦးနှောက်တွင် စကားပြောခြင်းနှင့် သက်ဆိုင်သည့် လမ်းကြောင်းများသည် ပုံမှန်ဆက်သွယ်မှု မရှိသည့် လက္ခဏာတစ်ခုဖြစ်သည်။ ငယ်ရွယ်သည့် ကလေးအများစုတွင် စကားထစ်ခြင်းသည် ပျောက်ကင်းသွားတတ်သော်လည်း စကားထစ်ခြင်း လက္ခဏာတည်ရှိမှု ကြာလေလေ ဦးနှောက်၏ ဆက်သွယ်မှုများကို ပြန်ပြင်ရန် ခက်လေလေဖြစ်သည်။
စကားထစ်ခြင်းသည် ကလေးတစ်ယောက်၏ စကားပြောစွမ်းရည်စတင်သည့် အချိန်တွင် စတင်ဖြစ်ပေါ်လေ့ရှိသည်။ ထို့ကြောင့် ဖွံ့ဖြိုးခြင်းနှင့် သက်ဆိုင်သည့် စကားထစ်ခြင်း (Developmental Stammer) ဟု ခေါ်သည်။ အချို့ကလေးများတွင် မိသားစု မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်သည်။ မိသားစုအတွင်းတွင် စကားထစ်နေသူရှိပါက ကလေးများတွင် စကားထစ်ခြင်း ပိုဖြစ်နိုင်သည်။ လူကြီးအရွယ်သို့ရောက်မှ စကားထစ်ခြင်း စတင်ဖြစ်ပေါ်ခြင်းသည် အလွန်ရှားပါး၍ ထိုသို့ဖြစ်ခြင်းကို နောက်ကျမှ စတင်ဖြစ်ပေါ်သည့် စကားထစ်ခြင်း (သို့ ) အသက်ကြီးမှဖြစ်သည့် စကားထစ်ခြင်းဟု ခေါ်သည်။ အများစုသည် လေဖြတ်ခြင်းကြောင့် ဦးနှောက်တွင် ပျက်စီးသွားသည့်အတွက် ဖြစ်သည်။ ဦးနှောက်တွင် ထိခိုက်ဒဏ်ရာရခြင်း (သို့) ပြင်းထန်သည့် စိတ်လှုပ်ရှားခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။
စကားထစ်နေသူများတွင် မှတ်ဥာဏ်ပိုင်း ၊ အသိဥာဏ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများတွင် ချို့ယွင်းမှု မရှိပေ။ သို့သော် ၎င်းတို့သည် ရှက်ရွံ့ခြင်း ၊ မိမိကိုယ်ကို သတိထားနေခြင်း ၊ ခံစားမှု လွန်ကဲခြင်း ၊ နှောင့်နှေးနေခြင်း ၊ စိတ်မလုံမှုကို ခံစားရခြင်း ၊ မိမိကိုယ်ကို စိုးရိမ်မှုလွန်ကဲနေခြင်းနှင့် သက်တောင့်သက်သာ မဖြစ်ဘဲ ရှိနေတတ်သည်။ ထိုသို့ဖြစ်နေသည်ကို ပြသရန် သက် သောအထောက်အထား မရှိပေ။ သို့သော် စကားထစ်နေသူ အများစုသည် လူအများကြားတွင် စကားပြောဆိုရန် ကြောက်ရွံ့ကြ သည်။

စကားထစ်ခြင်းဟာ အဖြစ်များသလား?
----------------------------------
စကားထစ်ခြင်းသည် အဖြစ်များ၍ ကလေးအရွယ်တွင် စတင်ဖြစ်ပေါ်ပြီး လူကြီးအရွယ်သို့ ရောက်သည်အထိ မပျောက်ဘဲ ရှိတတ်သည်။ ကျောင်းမနေရသေးသည့် ကလေး အယောက် ၂၀ တွင် ၁ ယောက်သည် စကားထစ်ခြင်း ဖြစ်ပေါ်တတ်သည်။ စကားထစ်သော ကလေး ၃ ယောက်တွင် ၂ ယောက်သည် အလိုအလျောက် ပျောက်ကင်းသွားတတ်ပြီး ကျန်တစ်ယောက်မှာ မူ မပျောက်ကင်းဘဲ ရှိတတ်သည်။ လူကြီး အယောက် ၁၀၀ တွင် ၁ ယောက်သည် စကားထစ်တတ်သည်။ စကားထစ်သော အမျိုးသားအရေအတွက်သည် အမျိုးသမီးများထက် ပိုများ၍ ၃ - ၄ ဆခန့်အထိ ရှိသည်။
စကားထစ်သူအရေအတွက်သည် တိုးလာခြင်း (သို့) လျော့နည်းလာခြင်း မရှိပေ။ သုတေသနတစ်ခုက အထက်ဖော်ပြပါ အချိုး အစားများသည် တကမ္ဘာလုံးတွင် အတူတူပင်ဖြစ်ပြီး စကားထစ်ခြင်းသည် လူမျိုးမရွေး ၊ ဘာသာမရွေးဖြစ်ပေါ်နိုင်သည်။ မြန်မာ နိုင်ငံတွင် စကားထစ်သူအရေအတွက် မည်မျှ ရှိသည်ကို တိကျစွာ မသိရှိရပေ။

စကားထစ်ခြင်းကို ဘယ်လိုကုသနိုင်သလဲ?
----------------------------------
ကျောင်းမနေရသေးသည့် ကလေးများတွင် ဖြစ်ပေါ်သောဖွံ့ဖြိုးခြင်းနှင့် သက်ဆိုသည့် စကားထစ်ခြင်း (Developmental Stammer) မည်သည့်ကုသမှုကိုမျှ ခံယူရန် မလိုအပ်ဘဲ ပျောက်ကွယ်သွားတတ်သည်။ အကယ်၍ လိုအပ်ပါက ကုသမှုကို ကလေးကြီးများတွင် ပြုလုပ်ခြင်းထက် ကျောင်းမနေသည့် ကလေးများတွင် ပြုလုပ်ခြင်းက ပို၍အကျိုးရှိသည်။ ကျောင်းနေသည့် အရွယ်သို့ ရောက်သည့်တိုင်အောင် စကားထစ်နေပါက ကုသရန် ခက်ခဲသည်။

မိမိကလေးကို ဘယ်လိုကူညီနိုင်သလဲ?
----------------------------------
အကယ်၍ မိဘများသည် မိမိရင်သွေး စကားပြောခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေလျှင် ဆရာဝန်များထံမှ အကူအညီ တောင်းခံရန် လိုအပ်သည်။ ထိုသို့ ပြုလုပ်ခြင်းကို စောလျင်စွာ ကုသမှုခံယူခြင်း (Early Intervention) ဟုခေါ်သည်။ မြန်မာနိုင်ငံ တွင် စကားပြောခြင်းဆိုင်ရာ ပြဿနာများကို ကုသပေးနိုင်သည့် ကျွမ်းကျင်သူများ (Speech Specialists) လိုအပ်နေသေးသည်။
အခြားတိုင်းပြည်များတွင် စကားပြောခြင်းဆိုင်ရာ ပြဿနာများကို ကုသပေးနိုင်သည့် ကျွမ်းကျင်သူများ (Speech Specialists) များသည် ရပ်ကွက်အတွင်းရှိ ကျန်းမာရေးစင်တာများနှင့် ဆေးရုံများတွင် ရှိသည်။ စကားပြောခြင်းဆိုင်ရာ ပြဿနာများကို ကုသပေးနိုင်သည့် ကျွမ်းကျင်သူများ (Speech Specialists) အား ကုသမှုမှ မည်သည့်အရာများကို မျှော်လင့်နိုင်သနည်းဆို သည့် အချက်ကို မေးမြန်းနိုင်သည်။ ဖြစ်နိုင်လျှင် ခေတ်မှီ နည်းပညာများနှင့် အမြဲထိတွေ့မှုရှိသည့် စကားထစ်သူများကိုသာ သီးသန့်ကုသပေးသည့် အထူးကုများနှင့် ပြသရမည်။
အကယ်၍ စကားပြောခြင်းဆိုင်ရာ ပြဿနာများကို ကုသပေးနိုင်သည့် ကျွမ်းကျင်သူများ (Speech Specialists) ကလေးများ တွင် စကားထစ်ခြင်းသည် အလိုလိုပျောက်ကင်းသွားနိုင်သဖြင့် မိဘများကို စောင့်ကြည့်ရန် ပြောဆိုလျှင် ထိုသူသည် စကားထစ် ခြင်းနှင့် ပတ်သက်၍ အတွေ့အကြုံမရှိဟု ဆိုနိုင်သည်။ ကလေးအများစုသည် စကားထစ်ခြင်းမှ သဘာဝအလျောက် ပြန်ကောင်း နိုင်သည်မှာ မှန်သော်လည်း ကလေးများအား မည်ကဲ့သို့ ကူညီပေးရမည်ကို ကျွမ်းကျင်သူများမှ မိဘများအားလမ်းညွှန်မှုပေး ရန် လိုအပ်သည်။

စကားထစ်နေသော ကလေးများကို အောက်ပါအတိုင်း ကူညီနိုင်သည်။
· အိမ်ပတ်ဝန်းကျင်ကို သက်တောင့်သက်သာဖြစ်စေရန် ပြုလုပ်ပေးခြင်းဖြင့် ကလေးများကို စကားပြောနိုင်မည့် အခွင့် အရေးကို ပြုလုပ်ပေးလိမ့်မည်။ အထူးသဖြင့် ကလေးများသည် စိတ်လှုပ်ရှားနေပြီး စကားပြောရန် ရှိနေပါက လူတစ်ဦးနှင့် တစ်ဦးစကားပြောရန် အချိန်ပေးရမည်။
· ကလေးသည် စကားထစ်နေပါက လှောင်ပြောင်ခြင်း မပြုရ။ ညင်သာသော နည်းလမ်းများဖြင့် ပြင်ဆင်ပေးရမည်။ ကလေးသည် စကားထစ်ခြင်းမရှိဘဲ ပြောနိုင်လျှင် ချီးကျူးပေးရမည်။
· စကားကို နှေးနှေးနှင့် စိတ်အေးအေးဖြင့် ပြောရမည်။
· ကလေးများ စကားပြောသည့်အခါ ဂရုတစိုက် နားထောင်ပေးရမည်။ ထစ်နေသော စကားလုံးများကို ပြောသည့်အချိန် တွင်လည်း အချိန်ပေးနားထောင်ရမည်။ ၎င်းတို့ စကားထစ်နေသော စာကြောင်းကို ဖြည့်စွက်မပြောပေးရ။
· ကလေးများသည် စကားထစ်နေသော်လည်း အခြားလူများနှင့် အဆင်ပြေစွာ စကားပြောဆိုနိုင်ကြောင်း ယုံကြည်မှုရှိရန် အားပေးရမည်။
· ကလေးများ၏ စကားပြောနိုင်သည့် အခြေအနေအပေါ် ရင်နှီးစွာဖြင့် ပြန်လည်ပြောပြ၍ ဆုံးဖြတ်ပေးခြင်း မဟုတ်သည့် ကူညီပေးသည့် နည်းလမ်းဖြင့် သုံးသပ်ပေးရန် လိုအပ်သည်။
· အကယ်၍ ကလေးသည် စကားထစ်ခြင်းအကြောင်းအရာကို ပြောလိုလျှင် ထိုအကြောင်းအရာကို ပွင့်လင်းစွာ ပြောဆိုရ မည်။

ကူညီပေးနိုင်သည့် နည်းလမ်းများဟာ ဘာလဲ?
----------------------------------
ကလေးများအတွက် ကုသမှုအစီအစဉ်များတွင် ကလေးများကို သက်တောင့်သက်သာဖြစ်စေရန်နှင့် စကားပြောသည့်အခါ ယုံကြည်မှု ရှိစေရန် နည်းလမ်းများပါဝင်သည်။
စကားထစ်ခြင်းအတွက် ကုသမှုနည်းလမ်းများစွာ ရှိသည်။ ကုသမှုနည်းလမ်းများကို ရွေးချယ်ရာတွင် လူတစ်ဦးစီ၏ အသက်နှင့် ၎င်းတို့၏ အခက်အခဲများ ၊ လိုအပ်ချက်များပေါ်မူတည်၍ ရွေးချယ်သည်။ စကားထစ်ခြင်းအတွက် ကုသသည့် နည်းလမ်းများမှာ

· မိဘများပါဝင်ခြင်း
ကလေးအား စကားကို နှေးနှေးပြောနိုင်စေရန် ကျန်ရှိသော မိသားစုအားလုံးပါဝင်ကူညီခြင်း ၊ ကလေးသည် စကား မထစ်ဘဲပြောနိုင်လျှင် ချီးမွမ်းပေးခြင်း နှင့် ကလေးသည် စကားထစ်နေပါက ပြန်ပြင်ပေးခြင်းတို့ဖြစ်သည်။

· စကားထစ်ခြင်းကို ပြုပြင်ပေးခြင်း
ထိုနည်းလမ်းသည် စကားထစ်ခြင်းကြောင့် ဖြစ်ပေါ်သော ကြောက်စိတ်များကို လျော့နည်းလာစေပြီး မိမိကိုယ်ကို ယုံကြည်မှုများလာစေသည်။

· စိတ်ပိုင်းဆိုင်ရာ ကုသမှုများ
ထိုနည်းလမ်းကို အရွယ်ရောက်ပြီးမှ စကားထစ်သူများကို ကုသရာတွင် အသုံးပြုသည်။ ထိုကုသမှုသည် စကားထစ်ခြင်း ကို ကုသခြင်း မဟုတ်ပေ။ ကုသမှုသည် စကားထစ်ခြင်းကို ပိုဆိုးစေသည့် စိတ်ဖိစီးမှုနှင့် စိတ်လှုပ်ရှားမှုကို လျော့နည်း စေခြင်း ဖြစ်သည်။

· တုံ့ပြန်မှုကို ပေးသော ပစ္စည်း
ထိုကိရိယာသည် ကြားရသည့်အသံကို ပြောင်းလဲပေးခြင်းဖြင့် ကူညီလိမ့်မည်။ အီလက်ထရွန်းနစ်ပစ္စည်းသည် လူတို့၏ စကားပြောခြင်းကို တုံ့ပြန်သံပေးခြင်းဖြင့် ထိန်းချုပ်မှုများ ပြုလုပ်ပေးလိမ့်မည်။ ထိုပစ္စည်းများသည် လူတို့ စကားပြော သည့် နည်းလမ်းကို ပြောင်းလဲပေးသည်။ (ဥပမာ - စကားပြောနှုန်းကို နှေးလာစေခြင်း) စက်ပစ္စည်းမှတဆင့် ရှင်းလင်းစွာကြားရသော စကားပြောသံများကို ထိန်းနိုင်ရန်အတွက် ထိုပစ္စည်းများသည် လူတို့ကို စကားနှေးနှေး ပြောလာစေသည်။

ရလာဒ်က ဘာလဲ?
----------------------------------
ကုသမှုမခံယူပါက ကလေးကြီး ၊ ဆယ်ကျောင်သက်နှင့် အရွယ်ရောက်ပြီးသူ အယောက် ၁၀၀ တွင် ၁ ယောက်သည် အမြဲစကားထစ်နိုင်သည်။ စကားထစ်သူအများစုသည် စကားထစ်ခြင်းကို ထိန်းနိုင်ရန် လေ့လာသင်ယူကြသော်လည်း ၎င်းတို့တွင် စိတ်ဖိစီးမှုများ (သို့) လူအများကြားတွင် စကားပြောရပါက ပြဿနာရှိနေဆဲ ဖြစ်သည်။

အထက်ပါဆောင်းပါးမှာ စကားထစ်ခြင်း ( Stammer/ Stutter ) ကျန်းမာရေးစာစောင်မှ ဖော်ပြပေးခြင်းဖြစ်ပါသည်။ အောက်ပါပုံကို နှိပ်၍ မြန်မာ့ကျန်းမာရေးစင်တာ ဝက်ဘ်ဆိုဒ်တွင်ပုံများ ဗွီဒီယိုများဖြင့် ဝေဝေဆာဆာ ဖတ်ရှူနိုင်ပါသည်။
မိမိချစ်ခင်သူများကို သိစေလိုလျှင် LIKE နှင့် SHARE များပြုလုပ်ခြင်းဖြင့် ဖြန့်ဝေစေလိုပါသည်။
မြန်မာနိုင်ငံသားအားလုံး ကျန်းမာရေးသုတအဖြာဖြာ တိုးတက်နိုင်ကြပါစေ..